JESTA

ဂျပန်အစိုးရက နိုင်ငံခြားသားများအတွက် “JESTA” ကြိုတင်ဝင်ခွင့်စစ်ဆေးရေးစနစ် မိတ်ဆက်မည်

ဂျပန်အစိုးရသည် မေ ၁၀ ရက်တွင် နိုင်ငံခြားသားများ၏ ဝင်ရောက်မှုစစ်ဆေးရေး တင်းကျပ်ရေးနှင့် နေထိုင်ခွင့်ဆိုင်ရာ လုပ်ထုံးလုပ်နည်းကြေးများ တိုးမြှင့်ခြင်းတို့ ပါဝင်သည့် လူဝင်မှုကြီးကြပ်ရေးဥပဒေ ပြင်ဆင်ချက်မူကြမ်းကို အတည်ပြုခဲ့သည်။

ပြင်ဆင်ချက်အရ “JESTA (ジェスタ)” ဟုခေါ်သော ကြိုတင်ဝင်ခွင့်စစ်ဆေးရေးစနစ်အသစ်ကို မိတ်ဆက်သွားမည်ဖြစ်သည်။ ဗီဇာမလိုဘဲ ဂျပန်နိုင်ငံသို့ ဝင်ရောက်လာမည့် နိုင်ငံခြားသားခရီးသွားများအနေဖြင့် ဂျပန်သို့ မလာရောက်မီ အွန်လိုင်းမှတစ်ဆင့် ကိုယ်ရေးအချက်အလက်များ တင်သွင်း၍ သတ်မှတ်ထားသော အခကြေးငွေ ပေးဆောင်ကာ ကြိုတင်စစ်ဆေးမှု ခံယူရမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် လေကြောင်းလိုင်းများနှင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများအနေဖြင့် ခရီးသည်များ၏ ကြိုတင်ဘွတ်ကင်အချက်အလက်များ တင်ပြရမည်ဖြစ်ပြီး၊ ဝင်ရောက်ခွင့်မသင့်ဟု သတ်မှတ်ခံရသူများကို လေယာဉ်တက်ခွင့် ပိတ်ပင်ရမည့် စည်းမျဉ်းလည်း ပါဝင်ထားသည်။

တစ်ဖက်တွင် နေထိုင်ခွင့်သက်တမ်းတိုးခြင်းနှင့် အမြဲတမ်းနေထိုင်ခွင့် လျှောက်ထားရာတွင် ပေးဆောင်ရသည့် အခကြေးငွေများကိုလည်း သိသိသာသာ တိုးမြှင့်သွားမည်ဖြစ်သည်။

လက်ရှိတွင် အများဆုံး ယန်း ၁ သောင်း သတ်မှတ်ထားသော်လည်း၊ ပြင်ဆင်ချက်အပြီးတွင် နေထိုင်ခွင့်သက်တမ်းတိုးကြေးကို အများဆုံး ယန်း ၁ သိန်းအထိ၊ အမြဲတမ်းနေထိုင်ခွင့်လျှောက်ထားမှုကို အများဆုံး ယန်း ၃ သိန်းအထိ တိုးမြှင့်နိုင်ကြောင်း ဖော်ပြထားသည်။

အမှန်တကယ် ကောက်ခံမည့်ပမာဏကို နေထိုင်ခွင့်အမျိုးအစားနှင့် နေထိုင်ကာလအလိုက် အဆင့်လိုက် သတ်မှတ်သွားမည်ဟု ဆိုသည်။

ဂျပန်အစိုးရက ယခုလွှတ်တော်အစည်းအဝေးအတွင်း ဥပဒေမူကြမ်း အတည်ပြုနိုင်ရန် ရည်ရွယ်ထားပြီး၊ အခကြေးငွေ ပြင်ဆင်မှုများကို လာမည့်နှစ် မတ်လကုန်အထိ စတင်အသက်ဝင်စေရန်နှင့် JESTA စနစ်ကို ၂၀၂၉ ခုနှစ် မတ်လကုန်အထိ အဆင့်လိုက် စတင်အသုံးပြုသွားရန် စီစဉ်ထားကြောင်း သိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *